ဟာလန်းကို ဘယ်လိုထိန်းချုပ်မလဲဆိုတဲ့မေးခွန်းကို ပြတ်သားစွာ အဖြေပေးလိုက်တဲ့ တန်ဟဂ်

Posted on

မနက်ဖြန်ညကစားမယ့် မန်ချက်စတာဒါဘီမှာ စီးတီးတိုက်စစ်မှုး အာလင်ဟာလန်း ကို အဓိကထားနေမှာမဟုတ်ပဲ မန်စီးတီးရဲ့အသင်းလိုက် ကစားပုံနဲ့နည်းစနစ်ကိုသာ အာရုံစိုက်သွားမယ်လို့ တန်ဟဂ် က တုံပြန်လိုက်ပါတယ်။ ဟာလန်း က ယခုရာသီမှာ စီးတီး အတွက် (၁၀)ပွဲကို (၁၄)ဂိုးသွင်းယူပေးထားသူဖြစ်တာကြောင့် ပရီးမီးယားလိဂ် နည်းပြတိုင်းကြောက်လန့်နေတဲ့ တိုက်စစ်မှုးဖြစ်ပေမယ့် တန်ဟဂ် ကတော့ ဂွာဒီယိုလာ ရဲ့ နည်းစနစ်ပိုင်းကိုသာ ဖြတ်တောက်နိုင်ဖို့အာရုံစိုက်နေဟန်ရှိပါတယ်။တစ်ဖက်မှာလည်း ဟာလန်း ကို နိုင်နင်းစွာထိန်းချုပ်ခဲ့ဖူးတဲ့ မာတီနက်ဇ် ရှိနေပြီး ပရိတ်သတ်တွေ နဲ့ ဂျာနယ်လစ် တွေက ဟာလန်း vs မာတီနက်ဇ် အားပြိုင်မှုကို စိတ်ဝင်စားနေကြပါတယ်။

တန်ဟဂ် က ” ကျွန်တော်တို့ မန်ချက်စတာစီးတီး နဲ့ ယှဉ်ပြိုင်ကစားမှာပါ၊ဟာလန်း နဲ့ ယှဉ်ပြိုင်ကစားရမှာ မဟုတ်ပါဘူး။မန်စီးတီး မှာ ကစားသမား (၁၁) ယောက်ထက်ပိုမိုတဲ့ လူစာရင်းရှိပြီး ကျွန်တော်တို့မှာလည်းရှိပါတယ်။ကျွန်တော်တို့ အနေနဲ့ ကိုယ့်အသင်းရဲ့လုပ်နိုင်စွမ်းကို သိနားလည်ဖို့လိုပြီး အသင်းတစ်သင်းလို စုပေါင်းအင်အားနဲ့အလုပ် လုပ်နိုင်မယ်ဆိုရင် ဘယ်လိုပြိုင်ဘက်ကိုမဆို ဖြိုချဖျတ်ဆီးနိုင်ပါတယ်။ကျွန်တော်တို့အနေနဲ့ အဆုံးသတ်မှာအနိုင်ရသူဖြစ်ဖို့ဆိုရင် ဒီယုံကြည်ချက်ကိုလိုပါတယ်၊ကျွန်တော့်ရဲ့ ဒီပွဲအတွက် ထည့်သွင်းလိုက်မယ့် (၁၁)ယောက်ဟာ မိနစ်(၉၀)ဆိုတာထက် ပိုမိုတဲ့ တိုက်ခိုက်စွမ်းရည်ကို ပြသဖို့ လိုပါတယ်”လို့ဆိုပါတယ်။

မာတီနက်ဇ် နဲ့ ဟာလန်း ဟာ ပြီးခဲ့တဲ့ရာသီက ဒေါ့မွန် နဲ့ အိုင်းယက်စ် တွေ့ဆုံခဲ့စဉ်ကရင်ဆိုင်ခဲ့ဖူးပြီး ထိုစဉ်ကတော့ မာတီနက်ဇ် ဟာ စိတ်တိုင်းကျ ထိန်းချုပ်ပြခဲ့သလို အိုင်းယက်စ်ကလည်း(၄-ဝ) နဲ့ အန်ုင်ရခဲ့ပါသေးတယ်။ လက်ရှိအချိန်မှာ အဆိုပါ ပွဲကို ပြန်လည် ဖော်ထုတ်ပြီး ဟာလန်း vs မာတီနက်ဇ် နှိုင်းယှဉ်မှုတွေအပေါ် “ပြီးခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ အားပြိုင်မှု တွေနဲ့ လုံးဝမတူညီတဲ့ အခြေအနေ၊ပြိုင်ပွဲပါ။ဒါကြောင့် ဒီနှစ်ခုကို နှိုင်းယှဉ်လို့မရနိုင်ပါဘူး”လို့ ဆိုပါတယ်။

ဟာလန်း က လက်တလောဂိုးသွင်းကြမ်းနေသလို မာတီနက်ဇ် ကလည်း ယူနိုက်တဒ် ခံစစ်မှာ အချိန်တိုအတွင်း အားထားရတဲ့ စစ်သူရဲ တစ်ယောက်ဖြစ်လာခဲ့ပြီး ယခုတစ်ပတ် မန်ချက်စတာဒါဘီဟာ ယခင်ကထက်ပိုပြီး စိတ်ဝင်စားစရာတွေ ပြည့်နှက်နေပြီပဲ ဖြစ်ပါတယ်။