ရော်နယ်ဒို နေရာကို ပေါ်တူဂီကြယ်ပွင့်နဲ့အစားထိုးလိုတဲ့ အဲရခ်တန်ဟဂ်

Posted on

မန်ယူနိုက်တဒ် အသင်းဟာ တိုက်စစ်မှုးရှာပုံတော်ဖွင့်လျက်ရှိပြီး လာမယ့်ရာသီမှာ အသင်းရဲ့ ဗဟိုတိုက်စစ် ကို အပြောင်းလဲ ပြုလုပ်သွားရန် ပြင်ဆင်နေပါတယ်။အဲရခ်တန်ဟဂ် က အသက်(၃၈)နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒို၊နံပတ် (၉)နဲ့ f9 နေရာတွေမှာ ကစားဖို့ စွမ်းဆောင်ရည်မလုံလောက်တဲ့ ရရှ်ဖိုဒ့် နဲ့ ကြံခိုင်မှု မပြည့်ဝတဲ့ မာစီရယ် တို့နေရာတွေကြောင့် တိုက်စစ်အပြောင်းလဲပြုလုပ်ရန် လိုလားနေပြီး လက်ရှိအချိန်မှာတော့ အနာဂတ် အတွက်ပါ စိတ်ချရမယ့် ခေါ်ယူအားဖြည့်မှုကို ပြုလုပ်ရန် ပြင်ဆင်နေပါတယ်။ ယူနိုက်တဒ် အနေနဲ့ တိုက်စစ်ကို ပြင်ဆင်ရန်အတွက် ရော်နယ်ဒို ထွက်ခွာခဲ့ရင် တိုက်ရိုက်အစားထိုးနိုင်မှုကို ပြုလုပ်ရန် ပြင်ဆင်နေပြီး အေတီကိုမက်ဒရစ် ရဲ့ တိုက်စစ်မှုး ဂျိုအာဖီးလစ် ကို ခေါ်ယူရန် ပြင်ဆင်နေပါတယ်။

တန်ဟဂ် ရဲ့ နည်းစနစ်ပိုင်းအရ နံပတ်(၉) နေရာကို ဦးဆောင်ကစားမယ့် သူဟာ ပြိုင်ဘက်ကို တောက်လျှောက်ဖိအားပေးနိုင်ရန်လိုအပ်ပြီး middle third နဲ့ final third မှာ လုပ်အားနှုန်းကောင်းမွန်စွာ တိုးဖောက်နိုင်ရန်လိုပါတယ်။တိုက်စစ်မှုး တစ်ယောက်ရဲ့ အဆုံးသတ် နဲ့ နေရာယူနိုင်စွမ်းအပြင် ကွင်းလယ်/တောင်ပံ ချိတ်ဆက်ကစားနိုင်စွမ်း၊ဖြန့်ဝေမှု၊ဘောလုံးအထိန်းသိမ်းနဲ့ ကိုယ်တိုင်ဆွဲယူနိုင်မှုတို့ပါ လိုအပ်ပြီး တောင်းဆိုမှုမြင့်မားတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။လက်ရှိယူနိုက်တဒ် မှာ အဆိုပါနေရာကိုဖြည့်တင်းနိုင်သူက မာစီရယ် တစ်ဦးသာ ရှိပြီး ပြင်သစ်သားဟာ မကြာခဏ ဒဏ်ရာရနေတာကြောင့်လည်း တန်ဟဂ် အနေနဲ့ ယုံကြည်မှုလျော့နည်းကာ တိုက်စစ်အတွက် အစားထိုးခေါ်ယူမှုကို ပြုလုပ်ရန် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

ဂျိုအာဖီးလစ် က ခံစစ်ဘုရင် လို့ နာမည်ကြီးတဲ့ ဆီမြွန်နီ ရဲ့ လက်အောက်မှာ ကစားနေသူဖြစ်လို့ ကြံခိုင်မှုပြည့်ဝသလို ပင်ကိုယ်ပါရမီ နဲ့ စွမ်းရည် လည်း ကောင်းမွန်သူဖြစ်တာကြောင့် ဥရောပအသင်းကြီးတွေ မျက်စိကျနေတဲ့ ခေတ်သစ်တိုက်စစ်မှုးတစ်ယောက်လည်းဖြစ်ပါတယ်။

တန်ဟဂ် အလိုရှိတဲ့ အချက်အားလုံးကို ရွတ်လိုက်တိုင်း စွမ်းဆောင်နိုင်မယ့် တိုက်စစ်မှုး တစ်ဦးဖြစ်ပြီး အပိုဆုအနေနဲ့ မြင့်မားတဲ့အရပ်မောင်း နဲ့ ခေါင်းတိုက်စွမ်းကောင်းမွန်မှုက ပရီးမီးယားလိဂ် နဲ့ အံဝင်ဂွင်ကျဖြစ်စေပါလိမ့်မယ်။ ယူနိုက်တဒ် အနေနဲ့ ပြီးခဲ့တဲ့နွေမှာ ပေါ်တူဂီသားအတွက် ယူရိုသန်း(၁၃၀) နဲ့ ကမ်းလှမ်းခဲ့ဖူးပြီး ပယ်ချခံခဲ့ရပါတယ်။လာမယ့်ရာသီမှာတော့ ရော်နယ်ဒို ထွက်ခွာဖို့ သေချာနေပြီး မာစီရယ် သာ ကြံခိုင်မှု မပြည့်ဝရင် ဖီးလစ် ကို ထပ်မံကြိုးစားလာဖွယ်ရှိပြီး ယူရိုသန်း(၁၅၀) အထိ အသုံးပြုကာ ခေါ်ယူသွားဖွယ်ရှိပါတယ်။