ယူနိုက်တက်တိုက်စစ်မှုးကို ထိန်းချုပ်ရတာ အသက်ရှူတောင်မဝဘူးလို့ ဆိုလိုက်တဲ့ အဲဗက်စ်

Posted on

ဘာစီလိုနာနဲ့ဘရာဇီးလ်ဂန္တဝင်ကစားသမား ဒန်နီအဲဗက်စ်က သူူရဲ့ကစားသမားဘဝတလျောက် ရင်ဆိုင်ရ အခက်ခဲဆုံး တိုက်စစ်မှုး အမည်ကို ပြောပြသွားခဲ့ပါတယ်။ အဲဗက်စ်ဟာ ဘာစီလိုနာအသင်းမှာ တောက်ပစဉ်အချိန်တုန်းက မက်ဆီနဲ့အတူ အတွဲညီညီ  ကစားခဲ့ဖူးသလို ခရစ္စတီယာနိုနဲ့တော့ အယ်ကလက်စီကို ပြိုင်ဘက်အဖြစ် အကြိမ်တော်တော်များများ ယှဉ်ပြိုင်ခဲ့ရပါတယ်။

ကမ္ဘာ့အကောင်းဆုံးဆုကို ၅ကြိမ်ရခဲ့ဖူးတဲ့ ရော်နယ်ဒိုငယ်ရွယ်နုပျိုစဉ်အခါက သူ့ရဲ့အတိုးအလှုပ်၊ ပြေးအား၊ ကျွမ်းကျင်မှု စတာတွေနဲ့ ပြိုင်ဘက်နောက်ခံလူတွေကို တပွဲလုံးအနားမရအောင် အလုပ်ပေးနိုင်ခဲ့တဲ့ ကစားသမားတဦးပါ။အယ်လ်ကလပ်စီကိုရဲ့ ပြိုင်ဆိုင်မှုပြင်းထန်ခြင်း၊ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ဖိအား၊ နိုင်လိုစိတ်ပြင်းထန်လွန်းတဲ့ ရော်နယ်ဒိုလိုကစားသမား အစရှိတဲ့အရာတွေဟာ ရီရဲလ်အသင်းနဲ့ယှဉ်ပြိုင်ကစားရတိုင်း ဒန်နီအဲလ်ဗက်ခံစားရတဲ့ဖိအားတွေပါ။

ဒါကြောင့်လည်း အဲလ်ဗက်က ရင်ဆိုင်ခဲ့ဖူးသမျှထဲမှာ ရော်နယ်ဒိုက ရင်ဆိုင်ရအခက်ဆုံးလို့ ဖြေကြားသွားခဲ့ပါတယ်။ အဲဗက်စ်က “ကျွန်တော့်ရဲ့ ကစားသမား ဘဝမှာ အခက်ခဲဆုံး ပြိုင်ဘက် ဖြစ်ခဲ့သူကတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုပါပဲ။ ရော်နယ်ဒိုက ပြိုင်ဘက် နောက်ခံလူတွေကို တစက္ကန့်လေးတောင် အမှားလုပ်ဖို့ ခွင့်မပြုပဲအသက်ရှူ မှားလောက်အောင် ဖိအားပေး ကစားနိုင်ပါတယ်။”

“ကျွန်တော် ရော်နယ်လ်ဒိုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲတွေမှာ အရမ်းကြီး ဆိုးဆိုးရွားရွား အမှားလုပ်မိခဲ့တာမျိုး ရှိမယ်မထင်ပါဘူး။ ဒါပေမယ့် သူနဲ့ ရင်ဆိုင်ရတာ တကယ်ကို ခက်ခဲပါတယ်။ သူက ဘောလုံးလောကမှာ ဂိုးသွင်းစက် တလုံးအဖြစ် နာမည်ကြီးတဲ့ ကစားသမားမျိုးပါ။” လို့ ဆိုပါတယ်။

ဒန်နီ အဲလ်ဗက်စ်ဟာ လက်ရှိမှာ အသက် ၃၉နှစ်အရွယ် ရှိပြီဖြစ်ပြီး၊ သူဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ မက္ကစီကို ကလပ်အသင်း တသင်းဖြစ်တဲ့ ပူးမားစ် အသင်းနဲ့ တနှစ်သက်တမ်းရှိ စာချုပ်တရပ် ချုပ်ဆိုကာ အောင်မြင်တဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တယောက်အဖြစ် ဆက်လက် ရပ်တည်နေပါတယ်။

သူဟာ မက္ကစီကို ကလပ်အသင်းထံ မပြောင်းရွှေ့မီ အသင်းဖော်ဟောင်း ဇာဗီကို ကူညီဖို့ အတွက် ဘာစီလိုနာ အသင်းကို ပြန်လည်ရောက်ရှိ လာခဲ့ပြီး၊ လာလီဂါ တကျော့ပြန် ခရီးမှာ ၈လကြာ ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင်လမှာ နူးကမ့်ကနေ ထွက်ခွာခဲ့ပါတယ်။ဒီဘရာဇီးလ်သား နောက်ခံလူဟာ ကစားသမား ဘဝတလျှောက် ဆုဖလား ၄၇လုံးအထိ ရယူကာ ကမ္ဘာ့စံချိန်သစ်တခု ပိုင်ဆိုင်ထားပြီး၊ ဘယ်အချိန်မှာ အနားယူမလဲ ဆိုတာနဲ့ နောက်ထပ် ဆုဖလားတွေ ဆွတ်ခူး သွားနိုင်ဦးမလား ဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။