ကလပ်အသင်းပွဲတွေရပ်နားပေမယ့် အပြောင်း ရွှေ့ကြောင့် အလုပ်ရှုပ်နေတဲ့ နည်းပြကြီး တန်ဟဂ်

Posted on

နိုင်ငံတကာဘောလုံးပွဲတွေ ပြန်လည်ရောက်ရှိလာတာကြောင့် ကလပ်အသင်းပွဲတွေ ယာယီရပ်နားခဲ့ရသလို ဘုရင်မကြီးနာရေးကြောင့် ပွဲစဉ်တွေ အတော်များများ ဖျတ်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ဟာ အောက်တိုဘာ(၂)ရက်နေ့ထိ လက်ကျန် ကစားစရာပွဲမရှိတဲ့ ပျင်းရိလှတဲ့ ရက်တွေကိုဖြတ်ကျော်ရမှာ ဖြစ်ပါတယ်။

သို့သော်လည်း ဘောလုံးပွဲတွေမရှိတာကြောင့် နည်းပြအဖွဲ့အပါဝင် အသင်းရဲ့ တာဝန်ရှိသူတွေ အတွက်တော့ နားရက်ရရှိမှာမဟုတ်ပဲ ကမ္ဘာ့ဖလားအလွန် ထွန်းတောက်လာမယ့် ကြယ်ပွင့်တွေနဲ့ ဖြစ်ပေါ်လာမယ့် ဈေးကွက်အခြေအနေကို လက်ဦးမှုရယူနိုင်ဖို့ စတင်ပြင်ဆင်နေကြပြီပဲ ဖြစ်ပါတယ်။ ရစ်ချက်အာနိုးလ် နဲ့ အဲရခ်တန်ဟဂ် တို့ ဦးဆောင်တဲ့ ကစားသမားဖြည့်တင်းရေး ဆွေးနွေးပွဲတွေဟာ ကာရင်တန် မှာ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး သတင်းတွေအရ နယ်သာလန်သားနည်းပြကြီးဟာကစားသမား (၃)ဦးထပ်မံခေါ်ယူပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တဒ် အနေနဲ့ ပြီးခဲ့တဲ့နွေမှာ စံချိန်တင်ပြောင်းရွှေ့ကြေးအသုံးပြုကာ ခေါ်ယူခဲ့ပြီးနောက် လာမယ့် ဆောင်းဈေးကွက်မှာ ငွေအသုံးပြုမှုလျော့နည်းနိုင်တယ်ဆိုတဲ့ ယူဆချက်တွေ ထွက်ပေါ်လာပေမယ့် တန်ဟဂ် ကတော့ အစည်းအဝေးပြုလုပ်ခဲ့စဉ်အတွင်း လူသစ်တွေ လိုအပ်သေးကြောင်း တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

တန်ဟဂ် က ညာနောက်ခံလူ တစ်ဦး၊ကွင်းလယ်ကစားသမားတစ်ဦး နဲ့ အရံတိုက်စစ်မှုး တစ်ဦး ခေါ်ယူပေးရန် တောင်းဆိုခဲ့ပြီး အပြန်အလှန်အနေနဲ့ ဘစ်ဆာကာ၊တွမ်ဇမ်ဘီ၊ဗန်ဒီဘိခ့်၊တဲလက်စ် အပြင် မက်ဂွိုင်းယား၊လင်ဒီလောဖ့် နဲ့ ရှော တို့ထဲကတစ်ဦးကိုပါ ပြန်လည် ရောင်းချသွားရန် စီစဉ်နေတယ်လို့ သိရပါတယ်။ယူနိုက်တဒ် ဘုတ်အဖွဲ့ကတော့ မက်ဂွိုင်းယား ရောင်းချရေးကို လက်သင့်ခံဖွယ်မရှိတာကြောင့် ရှုတ်ထွေးမှုတချို့တော့ ရှိနိုင်ပါသေးတယ်။

တန်ဟဂ် က ညာနောက်ခံနေရာအတွက် အရှရဖ်ဟာကီမီ ကို အလိုရှိပေမယ့် မြင့်မားလွန်းတဲ့ ပြောင်းရွှေ့ကြေးနဲ့ PSG အသင်းရဲ့ခေါင်းမာမှု ကြောင့် အင်တာ ရဲ့ ဒမ်ဖရေးစ် ကို ပြောင်းလဲ ချိတ်ဆက်ဖွယ်ရှိပါတယ်။ကွင်းလယ်အတွက်တော့ ဖရန်ကီဒီဂျောင် က ဦးစားပေး ဖြစ်ပေမယ့် ခေါ်ယူရန်ခက်ခဲနေခဲ့ရင် လက်စတာ ရဲ့ တလိုင်မန်းစ် ကို ပြောင်းလဲခေါ်ယူနိုင်ပါတယ်။

လက်စတာက လာမယ့်နွေမှာ စာချုပ်ကုန်ဆုံးတော့မယ့် ဘလ်ဂျီယံသားကို ပေါင်သန်း(၂၀) ဝန်းကျင်နဲ့ ရောင်းချနိုင်ပြီး အဲရခ်ဆင် နေရာကို အရံသင့်အသုံးပြုနိုင်ဖို့မျှော်လင့်ထားပါတယ်။တိုက်စစ်နေရာအတွက်တော့ လာမယ့်နွေမှာ ကော်ဒီဂတ်ပို ကို ဦးစားပေးခေါ်ယူလိုတာကြောင့် အရံတိုက်စစ်မှုးသာခေါ်ယူဖွယ်ရှိပြီး ဝါရင့် ကစားသမားတစ်ဦးကို ရာသီဝက်အငှားနဲ့ ခေါ်ယူတာမျိူး ဖြစ်နိုင်ချေရှိပါတယ်။