မန်ယူနိုက်တက်အတွက် သတင်းကောင်းဖြစ်စေမယ့် လီဗာပူးလ်ရဲ့ဒဏ်ရာရ/ပွဲပါယ်ပြသနာ

Posted on

လာမယ့် သြဂုတ်လ ၂၂ ရက်နေ့ညမှာတော့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အင်္ဂလန်ဒါဘီပွဲစဉ်ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး လီဗာပူးလ်အသင်းအနေနဲ့ ဒဏ်ရာရ ပွဲပါယ်ကစားသမားအများအပြားရှိနေပါတယ်။

လီဗာပူးလ်အသင်းဟာ ဒဏ်ရာပြဿနာအများအပြားကြောင့် ကစားသမား ၈ ဦးအထိ လက်လွှတ်ထားရပြီး တစ်ဆက်တည်းမှာပဲ ပဲလေ့စ်နဲ့ပွဲမှာ အနီကတ်ထိခဲ့တဲ့ နူးညက်ဇ်ကလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်ကစားပေးနိုင်မှာ မဟုတ်တာဖြစ်ပါတယ်။

အင်္ဂလိပ်ထိပ်သီးအသင်းကြီး ၂ သင်းစလုံးဟာ ၂၀၂၂-၂၀၂၃ ရာသီကို ပြီးပြည်စုံတဲ့စတင်မှုမျိုး မပြုလုပ်နိုင်ခဲ့ကြတာဖြစ်ပြီး လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်ရာသီအစ ၂ ပွဲစလုံးကို သရေကျခဲ့တာကြောင့် ရမှတ် ၂ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေတာဖြစ်သလို မန်ချက်စတာယူနိုက်တက်ကလည်း ၂ ပွဲကစားရာမှာ တစ်မှတ်မှ မရရှိခဲ့ဘဲ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေရတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ရာသီအဖွင့်ပွဲစဉ် ၂ ပွဲကို အနိုင်ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်း ၎င်းတို့ရဲ့ စွမ်းဆောင်ရည်ဟာ တော်တော်လေး သာလွန်ပြီး ပြိုင်ဘက်အသင်းကို လွှမ်းမိုးနိုင်စွမ်း ရှိခဲ့တာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းအတွင်းမှာ အချိတ်အဆက်မမိဘဲ ကန်ချင်သလို ကန်နေတဲ့ပုံစံ ပေါ်နေခဲ့တာဖြစ်ပြီး ဘရန့်တ်ဖို့ဒ်ကိုတောင် ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ယုံကြည်မှုကလည်း တော်တော်လေး လျော့ပါးနေမှာဖြစ်ပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ အိုးထရက်ဖို့ဒ်မှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ယခုရာသီရဲ့ ပထမဆုံး နိုင်ပွဲကို ရယူသွားဖို့ ပိုမိုရေပန်းစားနေတာ ဖြစ်ပေမယ့် ပထမအသင်းကြယ်ပွင့်ကစားသမား ၉ ဦးအထိ လက်လွှတ်ထားရက ကြီးမားတဲ့ ထိုးနှက်ချက်တခုဖြစ်လာနိုင်ပြီး ဒါဟာ မန်ယူနိုက်တက်အတွက်တော့ သတင်းကောင်းလို့ ဆိုရပါတယ်။

လီဗာပူးလ်အသင်းလူစာရင်းမှာ သီယေဂို အယ်လ်ကန်တာရာ၊ မာတစ်ပ်၊ ချိန်ဘာလိန်၊ ကာတစ် ဂျုံးစ်၊ ဂျိုတာ၊ ကိုနာတေ၊ ကယ်လေဟာ၊ ကယ်လ်ဗင် ရမ်းဆေး၊ ဒါဝင် နူးညက်ဇ်တို့ ပါဝင်နိုင်မှာမဟုတ်ဘဲ သတင်းကောင်းကတော့ ဖာမင်နိုရဲ့ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်လာခြင်းပါပဲ။

ရောဘတ်တို ဖာမီနိုဟာ ခရစ္စတယ် ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်ကို လွဲချော်ခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ် ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝနေပြီး အိုးထရက်ဖို့ဒ်မှာ ကစားမယ့် ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားပေးသွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးဟာ ပွဲထွက် ကစားသမားဖြစ်တဲ့ ဒါဝင် နူးညက်ဇ် မပါဝင်နိုင်ချိန်မှာ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ဖို့အတွက် အခွင့်အရေး ရရှိတော့မှာဖြစ်ပြီး အရင်ကလိုပဲ ဆာလားနဲ့အတူ ကောင်းမွန်တဲ့ တိုက်စစ်အတွဲကို ပုံဖော်သွားဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။တဖက်မှာလည်း မန်ယူနိုက်တက်အသင်းက ရီးရဲလ်ကြယ်ပွင့် ကတ်စမဲရိုးကို လီဗာပူးလ်နဲ့ပွဲအမှီ ခေါ်ယူဖို့ အပြင်းအထန်ကြိုးပမ်းနေပေမယ့် ကစားသမားရဲ့ဗီဇာကိစ္စအခက်အခဲတွေကြောင့် ပါဝင်နိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။