အဲရခ်တန်ဟဂ် စင်တင်အသုံးပြုသင့်တဲ့ လူငယ်ကစားသမား (၃)ဦး

Posted on

မန်ယူနိုက်တဒ် ရဲ့ ရာသီကြိုလေ့ကျင့်ရေး ပွဲ အခြေအနေ နဲ့ လက်တွေ့ပွဲတွေကြား ကွာဟချက် က ကြီးမားလွန်းနေတဲ့နောက် အရေးတကြီး ပြင်ဆင်မှုတချို့ ပြုလုပ်ရန်လိုအပ်လာပါတယ်။

အထူးသဖြင့် နည်းပြချမှတ်ထားတဲ့ နည်းဗျူဟာ နဲ့ မဟာဗျူဟာ ကို တသွေမတိမ်းလိုက်ပါဆောင်ရွက်မယ့် နည်းစနစ်မြင့်မားတဲ့ ကစားသမားတွေ လိုနေပြီး တဖက်မှာလည်း အတွေ့ကြုံနဲ့နည်းစနစ်ပိုင်းမမြင့်မားရင်တောင် နာခံမှုနဲ့ရုန်းအားကောင်းတဲ့ လူငယ် ကစားသမားတွေကို နေရာပေးဖို့လိုပါ လိမ့်မယ်။အဲရခ်တန်ဟဂ် ကလည်း လူငယ်တွေ ကို အရောင်တင်ပြီး စင်တင်ရာမှာ ထူးချွန်သူဖြစ်လို့ ယူနိုက်တဒ် မှာ ရှိတဲ့ တချို့သော လူငယ်ကစားသမားတွေက သေချာပေါက် စီနီယာလူစာရင်းကို လှုပ်ခတ်နိုင်စေမှာ သေချာပါတယ်။

ဇီဒန်းအက်ဘားရ်

ရာသီကြိုလေ့ကျင့်ရေးမှာ ပရိတ်သတ်တွေ မျက်စိကျခဲ့တဲ့ ဇီဒန်း ဟာ သူနဲ့နာမည်တူ နောင်တော်ကြီး ဂန္နဝင်ဇီဒန်း ရဲ့ ခြေရာကို အနည်းငယ်လောက် လိုက်မှီနိုင်မလားဆိုတဲ့ မေးခွန်းတွေ ပြည့်နှက်နေသူပါ။ အီရတ် နိုင်ငံသားဖြစ်ပေမယ့် အင်္ဂလန်မှာ ကာလရှည်ကြာနေထိုင်ပြီး မန်ချက်စတာအကယ်ဒမီထွက်ဖြစ်တာကြောင့် ကြံခိုင်မှု ကောင်းသလို တန်ဟဂ် ရဲ့ နည်းပြအရည်ချင်းနဲါပေါင်းစပ်လိုက်ရင် ငယ်ငယ်ရွယ်ရွယ် နဲ့ စင်ပေါ် ရောက်ရှိလာနိုင်ပါတယ်။

ဂါနာချို

အာဂျင်တိုင်းတိုက်စစ်မှုး က ဒီရာသီမှာ အသင်းကြီးလူစာရင်းကို တိုက်ရိုက် ရောက်ရှိနေပြီး လူစားလဲဝင်ရောက်ခွင့်ကို ပထမဆုံး ပွဲမှာပဲ ရရှိခဲ့ပါတယ်။ဂါနာချို ရဲ့ ဘောလုံးအရည်အသွေး၊နည်းစနစ်ပိုင်းကြေညပ်မှု နဲ့ ပေါက်ကွဲအားပြင်းတဲ့ ကစားဟန်က တန်ဟဂ် ရဲ့ တိုက်စစ်အတွက် အရေးပါတဲ့ ကစားသမားဖြစ်လာမလားဆိုတာ စောင့်ကြည့်ရပါမယ်။အထူးသဖြင့် မားကပ်စ်ရရှ်ဖိုဒ့် ရဲ့ မတည်ငြိမ်တဲ့ ခြေစွမ်းက ဂါနာချို ကို နေရာရဖို့ တွန်းအားပေးလျက်ရှိပါတယ်။

ချာလီဆားဗေ့ဂျ်

ပရီးမီးယားလိဂ်ကွင်းလယ်ကစားသမားဟောင်း ရော်ဘီဆားဗေ့ဂျ် ရဲ့ သားဖြစ်သူ ချာလီဆားဗေ့ဂျ် ဟာ လည်း ဇီးဒန်း နည်းတူ ရာသီကြိုမှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသခဲ့နိုင်ပါတယ်။ချာလီ က DM ပိုဆန်ပြီး လက်ရှိအသင်းရဲ့ လိုအပ်ချက်နဲ့လည်း ကိုက်ညီတာကြောင့် တန်ဟဂ် အနေနဲ့ တော်မနေး နဲ့ ဖရဒ် အစား အလျှင်အမြန်အစားထိုးဖို့လိုပါတယ်။ ဂျိမ်းစ်ဂါနာ လို အသင့်သုံးကွင်းလယ်လူရှိသလို လူငယ်အသင်းမှာ ကိုဘီမိုင်နို လို ချာတိတ်လည်း ရှိတာကြောင့် ဖရန်ကီဒီဂျောင် ကို မရခဲ့ရင် လူငယ်တွေနဲ့ ရှေ့ဆက်ဖို့သာ ကြိုးစားရပါလိမ့်မယ်။