ပရိတ်သတ်တွေ သတိမထားမိတဲ့ တန်ဟဂ်ရဲ့ ဝှက်ဖဲဖြစ်လာနိုင်တဲ့ ကစားသမား (၂)ဦး

Posted on

မန်ယူနိုက်တဒ်အသင်းရဲ့ ပွဲထွက်အခင်းအကျင်း ဟာ ပွဲစဉ် အတော်များများကို ကျော်ဖြတ်လာတဲ့နောက် ရုပ်လုံးပေါ်လာပြီပဲ ဖြစ်ပါတယ်။ အထူးသဖြင့် နောက်တန်းခံစစ်အထိုင်ဟာ ဒါးလော့၊ဗာရန်း၊မာတီနက်ဇ်၊မလာစီယာ ဖြစ်လာပြီး ကျန်လူတွေဟာ အရံ ကစားသမားတွေဖြစ်ကြောင်း မပြောလည်း သိနိုင်တဲ့ အခြေအနေဖြစ်လာပါတယ်။

ကွင်းလယ်မှာ တော်မနေးသာ လက်ရှိခြေစွမ်းကို ထိန်းနိုင်ရင် ကတ်စမဲရိုး တစ်ယောက် ဒီမာရီယာ လမ်းစဉ်လိုက်ရနိုင်ပြီး ဘရူနို နဲ့ အဲရခ်ဆင် က ကိုယ်ပိုင် နေရာတွေကို သိမ်းပိုက်ထားနိုင်ပြီပဲ ဖြစ်ပါတယ်။ တိုက်စစ်ပိုင်းကတော့ ဘယ်သူမှ ပုံသေ ပွဲထွက်ခွင့်ရယ်လို့ မရှိပဲ ဘယ်သူမဆို နေရာရနိုင်တာကြောင့် ပုံမှန်ခြေစွမ်းထက်ပိုမိုတဲ့ စွမ်းဆောင်ရည်ကို တည်ငြိမ်စွာပြသနိုင်သူတွေကသာ ပွဲဆက်ကစားခွင့်ကို ရရှိမှာဖြစ်ပါတယ်။

တိုက်စစ်မှာ အန်တိုနီ ရောက်ရှိလာမှုကြောင့် ပွဲထွက်ခွင့်တိုက်ပွဲဟာ အပြိုင်ဆိုင်ဖြစ်လာသလို ညာခြမ်း ကနေ ဘယ်ခြမ်းကို ရောက်ရှိလာတဲ့ ဆန်ချို ကြောင့်လည်း ရရှ်ဖိုဒ့် အတွက် အခက်ခဲတွေ ကြုံလာရပါတယ်။ အထောင်တိုက်စစ်မှာ ရရှ်ဖိုဒ့် က လက်တလော ကစားနေရပေမယ့် ကြံခိုင်မှုပြည့်ဝလာတဲ့ ရော်နယ်ဒို နဲ့ မာစီရယ် ကြား အားပြိုင်မှုလွန်ဆွဲချိန်မှာတော့ ပင်ကိုယ်ကစားဟန်အရ တောင်ပံကစားသမား ပိုဆန်တဲ့ ရရှ်ဖိုဒ့် အနေနဲ့ နေရာဖယ်ပေးရမှာတော့ အသေချာပါပဲ။

ရရှ်ဖိုဒ့် အတွက် အဓိက ပြသနာ ဖြစ်လာနိုင်သူက ဆန်ချို ဖြစ်ပြီး အင်္ဂလန်သား တောင်ပံတစ်စုံဟာ ဒီရာသီ ပွဲထွက်ခွင့် နဲ့ WC အတွက် အကြီးကျယ် အားပြိုင်ရဖွယ်ရှိပါတယ်။ဆန်ချို နဲ့ ရရှ်ဖိုဒ့် ကြားမှာ မတူညီတဲ့ ကစားဟန်၊အသင်းအပေါ် သက်ရောက်မှု နဲ့ အရည်အသွေးတွေ ရှိပေမယ့် တူညီတာကတော့ လက်ရှိခြေစွမ်းအရ ဘယ်လိုပြိုင်ဘက်ကိုမဆို ထိုးဖောက် ခြိမ်းခြောက်နိုင်စွမ်း အပြည့်ရှိတယ်ဆိုတာပဲဖြစ်ပါတယ်။

ဆန်ချို က ကစားကွက်တည်ဆောက်မှုတွေမှာ ပိုမိုပါဝင်နိုင်ပြီး ဘောလုံးလက်ခံနိုင်စွမ်း ပိုရှိသလို ဘယ်တောင်ပံကနေ အတွင်းကိုချိုးဝင်ရာမှာ ဇုံ(၁၄)ကို တိုက်ရိုက် ဝင်ကစားနိုင်တာကြောင့် နံပတ်(၁၀) နေရာအတွက်ပါ အကျိုးရှိစေတဲ့ ကစားသမားဖြစ်ပါတယ်။ဆန်ချို ပါဝင်လာချိန်မှာ အထောင်တိုက်စစ်မှုး အတွက် ဂိုးသွင်းခွင့်တွေ ပိုရနိုင်သလို ဘယ်ခြမ်း မှာ မလာစီယာ/အဲရခ်ဆင် တို့နဲ့ အကောင်းဆုံး ချိတ်ဆက်ပြီး ကစားကွက်ပုံဖော်ဖန်တီးနိုင်ပါတယ်။

ရရှ်ဖိုဒ့် ကတော့ အသင်းလိုက် ကစားကွက်ပူးပေါင်းဖန်တီးနိုင်စွမ်း အားနည်းသည့်တိုင် တစ်ကိုယ်တော် ထိုးဖောက်နိုင်မှုမှာ လက်ရှိအသင်းရဲ့ အကောင်းဆုံး ဖြစ်ပြီး တန်ပြန်တိုက်စစ်တွေမှာ ဘယ်လိုပြိုင်ဘက်ကိုမဆို မိုးကြိုးအလျှင် နဲ့ ထိုးဖောက်ဝင်ရောက်ပြီး ချေမုန်းနိုင်သူပဲ ဖြစ်ပါတယ်။ရရှ်ဖိုဒ့် နဲ့ ဆန်ချို ဟာ တန်ဟဂ် အတွက် မတူညီတဲ့ နည်းစနစ်၊ကစားဟန် နဲ့ ပြိုင်ဘက်ကို ချေမုန်းနိုင်တဲ့ လက်နက်တွေ ဖြစ်ပြီး နယ်သာလန် နည်းပြကြီးကတော့ တလှည့်စီအသုံးပြုရင်း ခန့်မှန်းရခက်တဲ့ နည်းဗျူဟာ ကို အသက်သွင်းကာ ဝှက်ဖဲအဖြစ် စတင် အသုံးပြုလာပြီပဲ ဖြစ်ပါတယ်။