ရော်နယ်ဒိုရဲ့အနာဂတ်အတွက် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် နည်းလမ်းကို ရွေးချယ်ပေးလိုက်တဲ့ တန်ဟဂ်

Posted on

အဲရစ်တန်ဟက်ဟာ ကောင်းမွန်တဲ့ ကမ်းလှမ်းမှုရရှိပါက ခရစ်စတီယာနိုရော်နယ်ဒိုကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ထွက်ခွါခွင့်ပေးတော့မှာ ဖြစ်ကြောင်း Telegraph Football သတင်းဌာနက ဖော်ပြလာပါတယ်။

ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ယူနိုက်တက်ရဲ့ လူစားဝင် ကစားသမားအဖြစ်တောင် ပွဲထွက်ခွင့်မရခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ အသင်းအတွက် (၃)ပွဲသာ ပွဲဦးထွက် ကစားခဲ့ရပါတယ်။

The Telegraph သတင်းမီဒီယာရဲ့ ဖော်ပြချက်တွေအရတော့ ရော်နယ်လ်ဒိုအနေနဲ့ လာမယ့် ဆောင်းဈေးကွက်အတွင်းမှာသာ အသင်းကနေ ထပ်မံ ထွက်ခွာသွားချင်တယ်ဆိုရင် နည်းပြတန်ဟက်ဂ်နဲ့ ယူနိုက်တက်အသင်း တာဝန်ရှိသူများက ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့အတွက် ညှိနှိုင်းပေးသွားဖို့ ဆန္ဒရှိနေသလို ရော်နယ်လ်ဒိုအေးဂျင့် မန်ဒက်စ်ကလည်း သူ့ကစားသမားအတွက် ကလပ်အသင်းတွေကို ဆက်လက် ရှာဖွေပေးသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ တစ်ပွဲတည်းသာ ပွဲထွက်ကစားထားရပြီး ပရီးမီးယားလိဂ်သွင်းဂိုးလည်း တစ်ဂိုးမှကို သွင်းယူထားနိုင်ခြင်း မရှိတဲ့ ရော်နယ်လ်ဒိုဟာ လက်ရှိမှာ သူရဲ့ စွမ်းဆောင်ရည်တွေက ကျဆင်းလျက် ရှိနေပေမယ့်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရ ကလပ်အသင်း တစ်သင်းသင်းဆီကိုသာ ပြောင်းရွှေ့သွားချင်လျက် ရှိနေသလို သူရဲ့မိခင်ကလည်း ရော်နယ်လ်ဒိုက သူရဲ့ကလပ်အသင်းဟောင်း စပို့တင်းလစ္စဘွန်းအသင်းဆီကို တစ်နေ့ ပြန်လာလိမ့်မယ်လို့ အခိုင်အမာ ပြောဆိုထားခဲ့ပါတယ်။

လက်ရှိအနေအထားမှာတော့ ရော်နယ်ဒိုကို ဥရောပထိပ်တန်းအသင်းကြီးတွေက ခေါ်ယူဖို့ထက် အခြားသောငွေကြေးကြွယ်ဝတဲ့ အသင်းတွေရှိတဲ့ အရှေ့အလယ်ပိုင်းဒေသကလပ်တွေ၊ မေဂျာလိဂ်ကလပ်တွေကသာ ခေါ်ယူဖွယ်ရှိနေပါတယ်။ ထိပ်တန်းအဆင့်တွေမှာ ပဲ ကစားချင်နေသေးတဲ့ ရော်နယ်ဒိုအတွက် ဒါက ကျေနပ်နိုင်စရာမဟုတ်ပေမယ့်လည်း ထွက်ခွာဖို့ကိုပဲ အားစိုက်မယ်ဆိုရင်တော့ ကမ်းလှမ်းမှုတွေကို လက်ခံဖွယ်ရာရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့တော့ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်သူ ခရစ္စတီယာနိုရော်နယ်လ်ဒိုကို လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာခွင့်ပြုသွားဖွယ် ရှိနေပြီး PSV အသင်းရဲ့ လူငယ် တိုက်စစ်ကစားသမားလေး ကိုဒီဂက်ပိုကို ပြန်လည် ခေါ်ယူသွားဖို့ ရှိနေပါတယ်။